International News

ထိုင်းနိုင်ငံ၏ တရုတ်နိုင်ငံသို့ စားသုံးကုန်တင်ပို့မှုမြင့်တက်

Last Updated:

ဒုတိယ (၃) လပတ်ကာလအတွင်း ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသုံးကုန်ပစ္စည်းတင်ပို့မှုမှာ နှစ်ဆခန့် မြင့်မားလာနိုင်ဖွယ်ရှိကြောင်း၊ ပထမ (၃) လပတ်အတွင်း စားနပ်ရိက္ခာလက်ကျန်များ လျော့နည်းလာပြီးနောက် ဝယ်လိုအားမြင့်တက်လာမှုကြောင့် ဖြစ်ပါသည်။ ထိုင်းအမျိုးသား ကုန်စည်ပို့ဆောင်ရေးကောင်စီ ဒုတိယ ဉက္ကဌနှင့် ထိုင်းစားသုံးကုန်ထုတ်လုပ်သူများအသင်းဉက္ကဌ Visit Limlurcha က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ပထမ (၃) လပတ်အတွင်း ထိန်းချုပ်နိုင်ပါက တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံမှတင်သွင်းမည့် စားသုံးကုန်လိုအပ်ချက်မှာ ဒုတိယ (၃) လပတ်တွင် (၂)ဆ ခန့် ရှိလာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ စားသုံးကုန် ပစ္စည်းတင်ပို့မှုမှာ နှစ်စဉ်ပျှမ်းမျှအားဖြင့် ဘတ်ငွေ (၁) သန်း ရှိကြောင်း၊ ပြည်တွင်းဈေးကွက်အတွက် စားသုံးကုန်ထုတ်လုပ်မှုမှာ ဘတ်ငွေ (၂) ထရီလီယံရရှိကြောင်း၊ ပြည်တွင်းဈေးကွက်မှာ ထပ်မံတိုးချဲ့နိုင်ကြောင်း၊ အကြောင်းမှာထိုင်းနိုင်ငံ၏ လူဉီးရေမှာ သန်း(၇၀)ရှိပြီး နှစ်စဉ်နိုင်ငံခြားခရီးသွား ဝင်ရောက်မှုမှာ အကြမ်းဖျင်းအားဖြင့် သန်း (၄၀) ခန့် ရှိနေခြင်းကြောင့်ဖြစ်ပါသည်။ ထိုင်းနိုင်ငံမှာ ကမ္ဘာ့စားသုံးကုန်တင်ပို့မှု ထိပ်တန်းဉီးဆောင်နိုင်ငံဖြစ်ကြောင်း၊ ဆန်တင်ပို့မှုမှာ ဈေးကွက်ရှယ်ယာ အများဆုံး (၁၇.၅%) ဖြင့် ထိပ်ဆုံးတွင်ရှိနေကြောင်း၊ ၎င်းနောက်တွင် ကြက်သား၊ သကြား၊ ပြုပြင်ထားသောတူနာငါး၊ ပီလောပီနံ မှုန့်နှင့် ပုဇွန်များ ဖြစ်ပါသည်။

စားသုံးကုန် ပို့ကုန်အများဆုံးတင်ပို့သည့်ဈေးကွက် နိုင်ငံများမှာ ဂျပန်ဖြစ်ပြီး ၎င်းနောက် တွင်တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ပါဝင်ပါသည်။ တရုတ်နိုင်ငံမှ ဝယ်လိုအားများလာသော်လည်း အသင်းအနေဖြင့်ယခုနှစ်အတွက် စားသောက်ကုန်ပို့ကုန်တင်ပို့မှုအား (၅%) တိုးတက်မှု နှုန်းဖြင့် အမေရိကန်ဒေါ်လာ (၃၄.၉) ဘီလီယံ (သို့မဟုတ်) ဘတ်ငွေ (၁.၀၂-၁.၀၆ ထရီလီယံ) အတွင်း ရရှိရေးထိန်းသိမ်းထားမည်ဖြစ်ကြောင်း Mr.Visit က ပြောကြားခဲ့ပါသည်။ ၎င်းက မိုးခေါင်ရေရှားမှုမှာ အဓိကခြိမ်းခြောက်မှု ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းစားသုံးကုန်ထုတ်လုပ်သူများအသင်းက မိုးခေါင်မှုသည် နာနတ်သီး၊ အုန်းသီး၊ လောက်ဂန်သီး၊ ရမ်ဘူတန်၊ လိုင်ချီးသီး၊  Baby corn နှင့် Sweet corn ထုတ်လုပ် ထောက်ပံ့မှု တို့ကိုထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ Mr. Visit က ဘတ်ငွေတန်ဖိုး ဆက်လက်မြင့်တက်နေမှုက ပို့ကုန်တင်ပို့သူများအတွက် အဓိကစိုးရိမ်စရာဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် ဘတ်ငွေတစ်ဘတ်တန်ဖိုးတက်တိုင်း စားသောက်ကုန်တင်ပို့မှုတန်ဖိုးမှာ  ဘတ်ငွေ (၃၅) ဘီလီယံကျဆင်းကြောင်း ပြောကြားပါသည်။

ပြီးခဲ့သည့်နှစ်က ထိုင်းစားသုံးကုန်တင်ပို့မှုမှာ (၃.၈ %) ကျဆင်းခဲ့ပြီးဘတ်ငွေအားဖြင့် (၁.၀၂၅) ထရီလီယံကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် အမေရိကန်ဒေါ်လာအားဖြင့် (၀.၂%)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၃၃.၁) ဘီလီယံမြင့်တက်ခဲ့ကြောင်း၊ စားသောက်ကုန်တင်သွင်းမှုမှာ တန်ဖိုးအားဖြင့် ဘတ်ငွေ (၄၀.၁) ဘီလီယံရှိပြီး (၀.၁%) ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

မှတ်တမ်းစာရင်းများအရ ကျဆင်းသွားသောအမည်များမှာ ဆန်(-၂၂%)၊ သကြား(-၁၃.၇%)၊ တူနာငါး(-၆%)၊ ပုဇွန်(-၉.၂%)၊ နာနတ်သီး(-၁၅.၇%) တို့ဖြစ်ပါသည်။ စားသောက်ကုန် ပို့ကုန်တန်ဖိုးကျဆင်းခြင်းမှာ ကမ္ဘာ့ဝယ်လိုအားကျဆင်းခြင်း၊ ဘတ်ငွေတန်ဖိုးမြင့်တက်ခြင်းနှင့် ကမ္ဘာ့စားသုံးကုန်ဈေးနှုန်းကျဆင်းခြင်းတို့ကြောင့် ဖြစ်ပါသည်။ ယမန်နှစ်က ကမ္ဘာ့ စားသုံးကုန် ကုန်သွယ်မှုမှာ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ(၁.၃) ထရီလီယံ ရှိခဲ့ပြီး (၀.၆%) ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းစားသုံးကုန်တင်ပို့မှုအနေဖြင့် ကမ္ဘာ့စားသုံးကုန် ကုန်သွယ်မှု၏ (၂.၅%) ရှိခဲ့ပါသည်။

ယမန်နှစ်က တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ စားသုံးကုန်အများဆုံးတင်သွင်းသူဖြစ်ခဲ့ပြီး ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်တို့ကို အစားထိုးခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံသို့ထိုင်းစားသုံးကုန်တင်ပို့မှုမှာဘတ်ငေွ(၁၅၁)ဘီလီယံရှိခဲ့ပြီးယမန်နှစ်ကထက် (၃၄%) တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းမှာ စုစုပေါင်း စားသုံးကုန်တင်ပို့မှု၏ (၁၄.၇%) ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

 

Category: International News